Saturday, June 8, 2013

ခရေ

အသည်းကွဲ ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပါ။







အပိုင်း(၁)


“ ဆည်းဆာရိုင်းတွေလေ . . .
မြို့ပြတွေပေါ်ကို ဖြတ်ကျော်
အမှောင်ထုကို ကြိုလင့်နေလို့
ဗျိုင်းတစ်အုပ် ပျံသန်းသွားတာတောင်
အပြုံးမပျက်ခဲ့ဘူး။
ပြန်တဲ့လမ်းတစ်လျှောက်
ခရေတစ်ပွင့် ကြွေကျသွားတယ် ။
(ဒီလိုနဲ့) လေးတွဲတွဲ သက်ပြင်းကို အခါခါချ
စိတ်အလေတွေ အသားမာတက်ခဲ့ပေါ့။
ဆည်းဆာရိုင်းတွေလေ . . .
မြို့ပြတွေပေါ်ကို ဖြတ်ကျော်
အမှောင်ထုကိုကြိုလင့်နေလို့
ဗျိုင်းတစ်အုပ် ပျံသန်းသွားတာတောင်
အပြုံးမပျက်ခဲ့ဘူး။
ပြန်တဲ့လမ်းတစ်လျှောက်
ခရေတစ်ပွင့် ကြွေကျသွားတယ် ။
(ဒီလိုနဲ့) ရနံ့တွေကို အိပ်ကပ်ထဲထည့်
တစ်ညစာ အိပ်မက်တွေနဲ့ပေါ့.
မနက်ဖြန်မှာ
အာရုဏ်အသစ်နဲ့
ဆည်းဆာရိုင်းတွေလေ . . .
မြို့ပြတွေပေါ်ကို ဖြတ်ကျော်
အမှောင်ထုကို ကြိုလင့်နေလို့”

အပိုင်း(၂)


လွန်ခဲ့တဲ့ (၂၀၀၂)ခုနှစ်လောက်က ကျွန်တော်ရဲ့မက်ခဲ့တဲ့ အိပ်မက်ဟာ ခရေအိပ်မက်ပါပဲ။
ခရေပန်းတွေနဲ့ ပွင့်ဖူးတဲ့ အိပ်မက်ဟာ လှပနေတယ်။
အိပ်မက်ထဲမှာ ပွင့်ခဲ့တဲ့ ခရေပန်းဟာ မွှေးပျံ့ပျံ့နဲ့ ဘယ်တော့မှ ရနံ့မပြယ်ဘူး။
 အိပ်မက်က လန့်နိုးလာရင်တောင် အနီးတ၀ိုက်မှာ ခရေရနံ့တွေဟာ သင်းထုံကျန်ရစ်ခဲ့တယ်။
မန္တလေး မြောက်ကျုံးထောင့်နားက တစ်ပင်တည်းသော ခရေပင်
ကုသိုလ်တော် ဘုရားဝင်းထဲက သက်တမ်းရာကျော်နေတဲ့ ခရေပင်တွေ
မဟာမြတ်မုနိဘုရာဝင်းထဲက ခရေပင်တွေနဲ့
တောင်သမန်အင်း ရတနာပုံတက္ကသိုလ်ရဲ့ကင်တင်းနံဘေးက ခရေပင်တွေအောက်မှာ
ကျွန်တော့ရဲ့ဘ၀ဟာ ထုဆစ်ထားသလို လှပနေခဲ့တယ်။ မပျက်ပြယ်တဲ့ရနံ့မျိုးနဲ့ပေါ့ ။
ခရေပန်းဟာ တစ်ချို့တွေက ဆိုကြတယ် အကြွေပန်းတဲ့
ခရေပန်းဟာ ရှေးနန်းတွင်းထဲက တော်ဝင်ပန်း မဟုတ်ပေမဲ့ 
ကျွန်တော့်ကတော့ မြတ်နိုးတယ်။ နှစ်သက်တယ်။
လေတစ်ချက် တစ်ချက် အဝှေ့မှာ ကြွေကျလာတဲ့ ခရေပွင့်တွေကို လိုက်ကောက်ရတဲ့ အရသာဟာ
ဘာနဲ့မှ မလဲနိုင်ခဲ့ဘူး။  လွတ်လပ်တယ်။ ပေါ့ပါးတယ်။ ပျော်ရွှင်တယ်။
ကြွေလည်းမွှေးတယ် ဝေလည်းမွှေးတယ်။
ခရေပန်းနဲ့ ကျွန်တောဘ၀ တစ်စိတ်တစ်ပိုင်းဟာ ဆက်နွယ်မှုရှိခဲ့တယ်။
အထူးသဖြင့် ခရေပန်းနဲ့ သူမ။
သူမကြောင့် ခရေပန်းဟာ ကျွန်တော့ဘ၀ထဲကို တစ်ထောင့်တစ်နေရာက ပါဝင်လာခဲ့တယ်။
သူမဆီက ရရှိခဲ့တဲ့ လက်ဆောင်တွေထဲမှာ ခရေပွင့်ပါတယ်။
ကျွန်တော သူမကို ပေးတဲ့ လက်ဆောင်တွေထဲမှာလည်း ခရေပွင့်တွေ ပါပါတယ်။
များများစားစား မဟုတ်ပါဘူး။ နှစ်ပွင့်တည်း
ခရေပန်းလေး နှစ်ပွင့်တည်းပါ။ ကျကျနန ထုတ်ပိုးထားတာမျိုးလည်း မဟုတ်ဘူး။
တကူးတက စီစဉ်ထားပြီး ပေးတာမျိုးလည်း မဟုတ်ပါဘူး။
လေအဝှေ့မှာ . . . .
လွင့်ပျံ့ကျဲကျလာတဲ့ ခရေပန်းတွေ မြေမခခင်  မြေပေါ် မသက်ခင် သူမရဲ့ လက်ဖ၀ါး
နုနုလေးဖမ်ဆုပ်ရယူပြီး တစ်ရှူးလေးနဲ့ ထောင်မှန်ပုံခေါက် ထုပ်ပိုး ခရေးပွင့်လေးတွေကို
ထည့်ပေးလိုက်တာပဲ။ ကျွန်တော်လည်း ထိုနည်းအတိုင်း သူမကို ပေးခဲ့တယ်။
ဘယ်အချိန်ပဲ ထုတ်ကြည့်ကြည့် ခရေရနံ့ဟာ မွှေးပျံ့နေတယ်။
ဘယ်တော့မှ ရနံ့ မပျယ်ပြယ်သွားဘူး။ ပျောက်ပျက် မသွားဘူး။
ခရေပွင့်တွေကို လိုက်ဖမ်းရင်း သူမရဲ့ နွဲ့နှောင်းတဲ့ ဟန်ပန်နဲ့ ဝေ့၀ဲသွားတဲ့ ဆံနွယ်တွေဟာ
ကျွန်တော့်ဘ၀ကို အမှတ်ရမိစေတဲ့ မရိုးနိုင်တဲ့ ၊ နှလုံးသားရဲ့ပန်းချီကား တစ်ချပ်ပါပဲ။
ခရေရနံ့တွေကတော့ ဘယ်တော့မှ မပျက်ပြယ်သွားပါဘူး။
ဖွင့်ကြည့်လိုက်တိုင်း ခရေရနံ့လေးတွေ ရရနေတုန်းပါပဲ။
အပိုင်း(၃)
ဒါပေမယ့် သူမနဲ့ ကျွန်တော့တိုရဲ့ ဇာတ်လမ်းကတော့ တစ်ခန်းရပ် ပြဇာတ်လိုပါပဲ။
တိကနဲ  . . . . . .  ပြတ်သွားတယ်။
အကြောင်းပြချက် များများစားစား မရှိပါဘူး။
ခပ်ညံ့ညံ့ ရုပ်ရှင်တွေထဲကလို မိဘပေးစားတဲ့သူနဲ့   
( ……………………………………………………………………………………………………..
…………………………………………………..)
 ရိုးစင်တဲ့ဇာတ်လမ်း တစ်ပုဒ်ပါပဲ။
သူမကို ကျွန်တော် မမုန်းပါဘူး။ သူမကလည်း ကျွန်တော့ကို မမုန်းပါဘူး။
သူမနဲ့ နားလည်မှုတစ်ခုပဲ ယူလိုက်တယ်။  နှလုံးသားကို လှည့်စားပြီး နားလည်မှုယူလိုက်တယ်။
သူမနဲ့ ကျွန်တော့တို့အကြားမှာ နံရံပါးပါးလေးတစ်ခုပဲ ခြားလိုက်တယ်။
တစ်ကယ်ကိုမှ ပါးပါးလေးပါပဲ။
အပိုင်း(၄)
ပြီးပါပြီး။
နောက်ဆက်တွ
သူမပေးခဲ့တဲ့ ခရေပန်းပွင့်ခြောက်လေးတွေကို အကြောင်းအရာ  တိုက်ဆိုင်လာခဲ့ရင်
ထုတ်ထုတ်ကြည့်မိတယ်။ ခရေရနံ့လေးတွေကတော့ သင်းပျံ့နေတုန်းပါပဲ။
သူမကတော့ ထုတ်ကြည့် မကြည့် မသိတော့ပါ။
ဘာလို့လည်းဆိုတော့ . . . . . .
သူမဟာ သာယာဖြောင့်ဖြူး  ပြီးပြည့်စုံပြီးတဲ့ဘ၀တစ်ခုကို ပိုင်ဆိုင်သွားပြီ ဖြစ်လိုပါပဲ။
မုတ်သုံ (၂၉.၁၀.၂၀၁၂) ၊ နံနက် (၁း၁၂)နာရီ တနင်္လာနေ့

No comments:

Post a Comment