အမှတ်မရှိတဲ့ သတိရမှုတွေနဲ့အတူ
တရုတ်စကားပန်းတွေ ပွင့်ဝေနေတုန်းပါပဲ . . . . . . .
သိမ်းထုပ်ထားတဲ့ အဟောင်းအနွမ်း အလွမ်း ရောပြွမ်းတဲ့ ခြောက်သွေ့သွေ့နေ့တွေ
``သင်နဲ့ငါ သွေးချင်းသားရင်း အမဲသား၊ ငါး ပေါများပါစေ။´´
တူညီတဲ့ ခေါင်းစဉ်အောက်က မတူညီတဲ့ စာမျက်နှာများ
လှပသေသပ်စွာ ထုပ်ပိုးထားတဲ့ ဟန်ဆောင်မှုများ
ပိပိရိရိ ဖြတ်တောက်ထားတဲ့ ခံစားမှုညနေခင်းများ
ခရမ်းနုရောင်လွင်ပြင်မှာ အိပ်မက်တွေနဲ့ ဖွင့်မကြည့်ဖြစ်ခဲ့တဲ့ ဆန္ဒများ
ငါတိုရဲ့မျက်ဝန်းတွေထဲမှာ စကားလုံးတွေနဲ့ရေးသားထားတဲ့ အသံတိတ် ပြဇာတ်များ
ဒီမျက်ဝန်းတွေထဲမှာပဲ (ငါတို့သာ နားလည်တတ်ခဲ့)
နားလည်မှုများနဲ့ စနစ်တကျ လွဲချော်နေခဲ့တဲ့ ယုံကြည်ချက်များ
ဒါတွေနဲ့သာ ထုံးရစ်နှောင်ဖွဲ့ . . . . . နွယ်ပင်လိုပဲပေါ့။
တကယ်ဆိုရင် . . .
(ငါ)ဘာကို ရွေးချယ်ခဲ့မိတာလည်း
နင်လည်း ဘာကို မျှော်လင့်ခဲ့တာလည်း . . .
သက်ဆိုင်မှုနဲ့ ပိုင်ဆိုင်မှုဟာ ချိန်သားကိုက် တိကျစွာ လွဲချော်ခဲ့တယ်
သေချာမှုများနဲ့ ပြောဖြစ်ခဲ့ရင်
ပြောဖြစ်ခဲ့ကြတယ်ဆိုရင်
စကားဝါပန်းတွေ ဝေဆာစွာ ပွင့်နေဆဲပါ။
No comments:
Post a Comment