သူမ . . . . .
. . . . . . . .
. . . . . . . . .
သူမ ဘာတွေများစဉ်းစားနေပါလိမ့်
သူမ ဘာတွေများ တွေးတောနေပါလိမ့်...
မျက်လုံးတွေက အဝေးတစ်နေရာမှာ ရီဝေေ၀ . . .
ဘယ်ဆီကို ငေးမျှော်နေမှန်းမသိ သက်ပြင်းတွေက မသိမသာချလျက် . . . .
အတွေးတွေက ၀ိုးတ၀ါး ပုံရိပ်တွေက နီးလာလိုက် ဝေးသွားလိုက်နဲ့
သူမ စိတ်အာရုံထဲတွင် ဘယ်အရာကမှ သူမ စိတ်ကို ဖြေသာနိုင်စွမ်းမရှိပါ။
ဘယ်အရာမှ သူမကို ပျော်ရွှင်စေနိုင်စွမ်း မရှိပါ။
အိမ်ရှေ့ပန်းခုံမှာ အဆုပ်ဆုပ်ပွင့်တဲ့ ယုဇနပန်းပွင့်တွေကကော . . .
ရာသီအလိုက် ပွင့်တဲ့ သစ်ခွပန်းတွေကကော
လေယူရာယိမ်းကနေတဲ့ ထာဝယ်မှိုင်းအနီရင့်ရင့်ပန်းလေးတွေကကော . . .
သူမကို ပျော်ရွှင်အောင် လုပ်ပေးနိုင်စွမ်း မရှိကြပါ။
သူမအတွက် ငွေရေးကြေးရေးသည် မချမ်းသာနိုင်သည့်တိုင် အသင့်အတင့် ပြည့်စုံလျက်ရှိသည်။
အလုပ်အကိုင်သော်လည်းကောင်း
ဆွေးမျိုးသားချင်း အပေါင်းအသင်းများ သော်လည်းကောင်း သိုက်သိုက်ဝန်းဝန်းသာ
လွန်ခဲ့သော ၁၉၈၀နှောင်းပိုင်းကာလများက အတိတ်အကြောင်းအရာများ ပုံရိပ်များ ပြတ်ပြတ်သားသား မြင်ယောင်လာသည်။ မိသားစု စုံစုံလင်လင်ဖြင့် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့သော နေ့ရက်များ
သားတွေရဲ့ စူးစူးဝါးဝါးငိုကြွေးသံ စာကျက်သံ ရန်ဖြစ်သံ သူမနားတွင် မကြားတစ်ချက် ကြားတစ်ချက် ကြားယောင်လာမိသည်။
တစ်ခါ တစ်ခါ သားတွေ ချွေးသံတရွှဲရွဲဖြင့် ညစ်ပတ်ပေရေစွာ ကစားပြီး အိမ်ပြန်လာသောအခါ သူမ စိတ်ဆိုးချင်ယောင်ဆောင်ကာ မြည်တွန်းမိသည်။ တစ်ခါတစ်ခါ သားတွေ သူမအနားသို့ ကြောင်တစ်ကောင်လို ပွတ်သီးပွတ်သပ် လုပ်သောအခါ သူမ စိတ်ကြည်နူးမိသည်။ တစ်ခါတစ်ခါ သားတွေ သူမအနားကို လာပြီး အနားယူ အိပ်စက်သောအခါ ခေါင်းကို အသာအယာပွတ် ချော့သိပ်တတ်သည်။
တစ်ခါတစ်ခါ သားတွေ နေမကောင်းဖြစ်သောအခါ သူမ နေမကောင်းဖြစ်သကဲ့သို့ အစိုးရိမ်ကြီးစွာ စိတ်ပူမိသည်။
သားတွေ ကျောင်းတက်အရွယ် ရောက်သည့်အခါ အ၀တ်အထည် ကျောင်းယူနီဖောင်းကအစ ထမင်းချိုင့် အချိန်မှီ ပြင်ဆင် ချက်ပြုတ်လျက် သူမ မမောနိုင်ပါ။ သားတွေကို ကိုယ်တိုင် ရေမိုးချိုး ဖီးလိမ်းပြင်ဆင် ပေးရင် သူမ ကျောင်းသို့ လွှတ်တတ်သည်။
သားတွေရဲ့ ရှေ့ရေးသည် သူမ ရှေ့ရေး
သားတွေရဲ့ အနာဂတ်သည် သူမ အနာဂတ်
သားတွေရဲ့ အိပ်မက်သည် သူမ အိပ်မက်
ကြုံလာသမျှ အခက်အခဲမှန် သမျှကို သူမ ဖြတ်ကျော်ခဲ့သည်သာ
သားတွေအတွက် သူမ အသက်ရှင် ရုန်းကန်ရင်း သူမ မမောနိုင်ပါ။ မပန်းနိုင်ပါ။ သားတွေရဲ့ မျက်နှာကို ကြည့်ရင် ပီတိဖြစ်လျက်သာ ကျေနပ်နေမိသည်။
ထိုအရာများသည် သူမ ရင်တွင်းမှ စီးဆင်းလာသည့် မခမ်းခြောက်နိုင်သည့် မေတ္တာမြစ်ရေသာ ၊ ဘာကိုမှ မျှော်လင့်မထားသည့် ပေးဆပ်မှုသက်သက်ဖြင့် သားတွေ အတွက် ပြင်ဆင်ရင်း အချိန်တွေ ကုန်မှန်း မသိ ကုန်လွန်လာခဲ့သည်။
သားတွေ တစ်နေ့တစ်ခြား အရွယ်ရောက်လာသည်ကို သူမ ဂရုမပြုမိခဲ့
သူမ စိတ်ထဲတွင် သားများကို သူမ ရင်အုပ်အောက်က မခွာခိုင်းချင်သေးပါ။
တစ်ခါတစ်ခါ သားကြီးအတွက် တွေးပူနေရသည်။
တစ်ခါတစ်ခါ သားလတ်အတွက် ပူပန်နေမိသည်။
တစ်ခါတစ်ခါ သားငယ်အတွက်လည်း စိုးရိမ်နေရသေး
တစ်ခါတစ်ခါ သားထွေးအတွက်ပါ စိတ်မချနိုင်သေး။
သူမ ကျန်းမာရေးအတွက် သူမ တွေးမပူရ
သူမ ကျန်းမာရေးအတွက် သူမ မစိုးရိမ်အား
သူမ ကျန်းမာရေးအတွက် သူမ ဂရုမထားအား
သားကြီး မိန်းမခိုးသွားသည့်အခါ သူမသည် စိုးရိမ်စိတ်ပိုမိသည်.
သားကြီးသည် အရာရာကို ပြင်ဆင် မထားမှန်း သူမ သိသည်။ သားအကြီးဆုံး အကြောင်း သူမသာလျှင် အသိဆုံးဖြစ်သည်။ သူမ၏ ဆိုဆုံးမမှု မကောင်းသောကြောင့်ဖြစ်ရသည်ဟု သူမ ခံယူထားသည် သူမကိုယ် သူမ အပြစ်တင်မဆုံး
သားလတ် မင်္ဂလာဆောင်သွားသည့်အခါ သူမ ၀မ်းနည်းမိသည် သားလတ် ဇနီးနှင့်အတူ တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့သွားသောအခါ သားလတ်အတွက် သူမ ကိုယ်သူမ ဘာပြောရမယ်မှန်း မသိ တိတ်ဆိတ် ဆွံ့အနေသည်။ သူမက အချိန်ရလျှင် အိမ်သို့ ပြန်လာနိုင်ကြောင်း တိတ်ဆိတ်စွာ မှာကြားသည်။
သားငယ် တိုင်းတပါးသို့ ထွက်ခွသွားသောအခါ သူမ ရင်အစုံသည် တစ်ဆို့နေသည်။ သူမ မငိုပါ။ သို့သော် မျက်ရည်များသည် အလိုလို လိမ့်ဆင်းလာသည်။ သားငယ် သဘောထားကို သူမ မကန့်ကွက်ပါ။ သူမက ဘုရားသခင်ကို မမေ့လျော့ဖို့ တဖွဖွ မှာသည်။ ငွေမည်မျှ ပို့ပါဟု မတောင်းဆိုပါ။ သူမ တောင်းဆိုချက် တစ်ခုမျှသာ အချိန်ရလျှင် သူမဆီသို့ တစ်လတစ်ကြိမ် ဖုန်းမှန်မှန်ဆက်ရန်သာ တောင်းဆိုသည်။
ယခု
. . . . . .
. . . . . . . . . . . .. . .
သားထွေးလေး မင်္ဂလာဆောင်တော့မည် . . . . . . . . . . . . . . .
သူမ ဘာတွေများစဉ်းစားနေပါလိမ့်
သူမ ဘာတွေများ တွေးတောနေပါလိမ့်

အိမ်ရှေ့ပန်းခုံမှာ အဆုပ်ဆုပ်လိုက်ပွင့်တဲ့ ယုဇနပန်းပွင့်တွေကကော . . .

ဘယ်အရာကမှ သူမကို ပျော်ရွှင်စေနိုင်စွမ်း မရှိကြပါ။
သူမ ရင်အစံသည် အက်ကွဲ ကြေမွလျက်ရှိသည်။ လောက အလယ်တွင် သူမ တစ်ယောက်တည်းသာ ကျန်ရှိသလို ခံစားနေရသည်။
ဘယ်အရာကမှ သူမကို ဖေးမနိုင်စွမ်း မရှိပါ။
ဘယ်အရာကမှ သူမကို နှစ်သိမ့်နိုင်စွမ်း မရှိပါ။
အဘယ်ကြောင့်ဆိုသော် သားတွေသည် လူလားမြောက် အတောင်အလက် စုံစွာဖြင့်
သူမ ရင်ခွင်မှ ဝေးရာသို့ ပျံသန်း ထွက်ခွာသွားသောကြောင့်သာ . . . . .